မြန်မာ EBOOK များ

ဒီနေရာလေးမှာတော့ Photo Shop အကြောင်းမြန်မာလိုစာအုပ်များ၊ ကွန်ပြူတာနည်းပညာနှင့်ပတ်သတ်သောမြန်မာ EBOOK များနှင့် အခြားမြန်မာ EBOOK များတင်ပေးထားပါတယ်။

Software, Application များ

ဒီနေရာလေးမှာတော့ တောင်းဆိုထားသမျှနှင့် တွေ့ရှိထားသမျှ Software လေးများကို Serial Number, Key Gen:, Crack File များနှင့်တကွ Full Version ရအောင်တင်ပေးထားပါတယ်။

ကွန်ပြူတာမေးခွန်းများနှင့်အဖြေများ

ဒီနေရာလေးမှာတော့မေးမြန်းထားတဲ့ကွန်ပြူတာမေးခွန်းများကိုမေးခွန်းများနှင့်အဖြေများတွဲလျှက်ဖော်ပြပေးထားပါတယ်။ မေးမြန်းလိုသည်များရှိပါက thantthuraoo@mmcfamily.org သို့မေးလ်ပို့မေးမြန်းနိုင်ပါသည်။အဖြေများကို Website တွင်ဖော်ပြပေးပါမည်။

ရင်ထဲက ကဗျာလေးများ

ဒီကဗျာလေးတွေကတော့ ကျွန်တော့ချစ်သူအတွက်ကိုယ်တိုင်ရေးထားတဲ့ကဗျာလေးတွေဖြစ်ပါတယ်။ ကျွန်တော်တစ်ဦးတည်းမူပိုင်ဖြစ်တာကြောင့် ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံပါတယ်။

ဟာသလေးများ

ရယ်သောသူအသက်ရှည်၏လို့ စာကတော့ဆိုထားတယ်ဗျ။ ဘ၀အမောတွေပြေပျောက်စေဖို့ ပေါ့ပေါ့ပါးပါးရယ်မောလိုက်ကြရအောင်နော်။

Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

Thursday, September 22, 2011

ကျေးဇူးတင်စကား တစ်ခွန်းလောက် ပြောလိုက်ပါ။

ကျေးဇူးတင်စကား တစ်ခွန်းလောက်ပြောပါကိုယ်တကယ်ချစ်တဲ့ လူနဲ့ဆုံတဲ့အခါ သူနဲ့တစ်သက်သာ လက်တွဲနိုင်ဖို့ ကြိုးစားပါ။ သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ်။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး။ ကိုယ့်ဘ၀ကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ။ သူဟာ ကိုယ့်ဘ၀ကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ။ ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်းပြောပါ။ သူ့ကြောင့် အချစ်ကို ကိုယ်ပိုနားလည်စေခဲ့လို့ပါပဲ။ ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်ပါ။ သူ့ကြောင့် ကိုယ်ပိုကြံ့ခိုင်ခဲ့လို့ပါပဲ။ ကိုယ်နဲ့အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ။ သူ့ကြောင့် ပျော်ရွှင်ကြည်နှုးမှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ။ ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ။ သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ။ ကိုယ်တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ။ သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါပဲ။ ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ။ ကိုယ့်ဘ၀မှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ။ တစ်ခါပဲဖြစ်ခွင့်ရတဲ့ ဘ၀မှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲရှိပါတယ်။ Epiphyllum ပန်းက တစ်သက်မှာ တစ်ခါပဲပွင့်ပြီး ပန်းပွင့်ချိန် ၄, ၅ နာရီသာ ကြာမြင့်တဲ့ပန်းမျိုးဖြစ်တယ်။ တစ်သက်မှာတစ်ခါ ဖူးပွင့်ရတဲ့ တိုတောင်းချိန်ကို သူဂရုမစိုက်ခဲ့ဘူး။ ဖူးပွင့်ရဲတဲ့ အစွမ်းသတ္တိကိုပဲ သူထုတ်ပြခဲ့ပါတယ်။ ဇောင်းကြမ်းပင် (cactus) မျိုးနွယ်စု၊ မူလပေါက်ပွားရဒေသ တောင်အာဖရိက၊ မက်ဆီကို ပူပြင်းခြောက်သွေ့သော နေရာများတွင် ပေါက်ရောက်၊ ပန်းပွင့်ကြီးမျိုးဖြစ်၊ ပွင့်ဖတ် လှံချွန်ပုံသဏ္ဍာန်၊ ညအချိန်တွင် ပွင့်ပြီး မနက်မှာ ညှိုးနွမ်း၊ ပန်းပွင့်ချိန် ၄, ၅ နာရီသာ ကြာမြင့်၊ ညအချိန်မှ ပွင့်တတ်တဲ့အတွက် “လရောင်အောက်က မိန်းမလှ” ဟု တင်စားကြပါတယ်။ ထို့ကြောင့် အချို့လူများက အချိန်တိုတောင်းခြင်းကို ဤပန်းနှင့် ခိုင်းနှိုင်းတာကိုလည်း တွေ့ မြင်ကြရပါတယ်
သူငယ်ချင်းများအားလုံး ပျော်ရွှင်နိုင်ကြပါစေ ခင်ဗျာ............။

ကိုယ်တိုင်ရေးဝတ္ထုစာအုပ်.....။

တစ်နေ့ဆီတုန်းက.....။
စာအုပ်စင်ကို သတိပြုမိတယ်။ ၀ယ်ထားတဲ့စာအုပ်တွေက အများကြီးပါ။ တချို့ စာအုပ်တွေဆိုရင် အစ၊ အဆုံးမဖတ်ဖြစ်ဘူး။ ဆွဲဆောင်မှုမရှိတော့ ကိုယ့်ရဲ့ အာ၈ုံကို မဖမ်းစားနိုင်ဘူးပေါ့။ တချို့ စာအုပ်တွေကျတော့ တစ်ခေါက်ဖတ်ပြီးရင် နောက်ထပ် မဖတ်ချင်တော့ဘူး။ တချို့ စာအုပ် အနည်းငယ်ကျတော့  ခဏခဏ ပြန်ပြီးဖတ်ချင်နေမိပြန်တယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်တွေ၊ ဆရာတက်တိုးရဲ့ စာအုပ်တွေ၊ ဆရာဖေမြင့်ရဲ့ စာအုပ်တွေ၊ ဆရာကြီးဦးရွှေအောင်ရဲ့ စာအုပ်တွေ၊ ဆရာသော်တာဆွေရဲ့  စာအုပ်တွေဆိုရင် ဖတ်တိုင်းမရိုးနိုင်ပါဘူး။
ဒီလိုနဲ့ တွေးမိတယ်။
လူ့ ဘ၀ဆိုတာ..... စာမျက်နှာ (၆၀) ကျော် (၇၀) ကျော် ပါတဲ့ ၀တ္ထုစာအုပ်ကြီးတစ်အုပ်နဲ့ တူတယ်။ စာ (၁) မျက်နှာကို တစ်နှစ် လို့ ယူဆကြည့်ကြရအောင်။
လူဆိုတာ အသက်(၆၀) ကျော် (၇၀) လောက်ပဲ လူ့ လောကမှာ နေထိုင်ခွင့်၊ ရှင်သန်ခွင့်ရှိကြတယ်။ တစ်နည်းပြောရရင် စာမျက်နှာ (၆၀) ကျော၊ (၇၀) ကျော်လောက်ရှိတဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကြီးပါပဲ။ အဲဒီဝတ္ထုဟာ ကိုယ့်ရဲ့ ပုံရိပ်ပဲ။ ကိုယ့်ရဲ့ ပြန်ဖျက်လို့ မရတဲ့ သမိုင်းပဲ။ပြုပြင်လို့ မရတဲ့ စာမျက်နှာတွေပဲ။
စာမျက်နှာ (၂) ကနေစပြီး စာမျက်နှာ (၇၀) မှာ ဘယ်စာမျက်နှာတွေက အရေးအကြီးဆုံးလဲဆိုတာကို ကျွန်တော် စဉ်းစားမိတယ်။ စာမျက်နှာ (၁) ကနေစပြီး စာမျက်နှာ (၁၃) ၊ (၁၄) အထိအောင် ကလေူဘ၀ကို ဖြတ်သန်းကြရတယ်။ ဆော့မယ်၊ ကစားမယ်၊ လိုချင်တာကို ပူဆာမယ်၊ မရရင် ငိုမယ်၊ ဆရာ့စကားကို နားထောင်မယ်၊ မိဘ စကားကိုနားထောင်မယ်။
စာမျက်နှာ (၁၅) ကစလို့ အရေးကြီးလာပြီ။
ကိုယ့်ဘ၀မှာ မိဘ၊ ဆရာတွေ အပြင် သူငယ်ချင်းတွေရဲ့ အပြုအမူတွေကပါ ကိုယ့်အပေါ် လွှမ်းမိုးလာပြီ။ သူငယ်ချင်းတွေရဲ့ စကားဟာ မိဘ၊ ဆရာတွေထက် ပိုနားဝင်လွယ်လာပြီ။ စာမျက်နှာ (၁၄) မှ စာမျက်နှာ (၂၃) အတွင်းမှာ စိတ်ဓာတ်တွေ ပြောင်းလဲလာပြီ။ မိဘကို သိပ်အထင်မကြီးချင်ကြတော့ဘူး။ ဆုံးမတဲ့ ဆရာတွေကို ကိုယ်ချင်းစာတရားမရှိသူတွေအဖြစ် မြင်လာကြတယ်။ ရည်းစားထားချင်လာတယ်။ စိတ်ကစားလာတယ်။ အချစ်ကို စိတ်ကူးယဉ်လာကြတယ်။ ပညာရေးထဲမှာ အချစ်ရေးကိစ္စတွေက ပါလာပြီ။ အချစ်ကြောင့် အရာရာကို အာခံရဲလာတယ်။ အဲဒီ စာမျက်နှာတွေမှာ ယောက်ျားလေးဆိုရင် အပေါင်းအသ်ငးမှားပြီးတော့ ကျောင်းပြေးတတ်လာတယ်။ ဆေးလိပ်သောတက်တတ်လာတယ်။ မူးယစ်ဆေးသုံးတတ်လာတယ်။ ဘီယာ၊ အရက် သုံစွဲ တတ်လာတယ်။ မိန်းကလေးတွေဆိုရင် အပြိုင်အဆိုင်စိတ်နဲ့  ရည်းစားလိုချင်လာတယ်။ ရည်းစားထားကြတော့တယ်။
စာမျက်နှာ (၁၄)မှ (၂၃) အထိဖြစ်ပျက်ခဲ့တဲ့ ကိုယ့်ဘ၀ဟာ စာမျက်နှာ (၂၃) နောက်ပိုင်းအထိ လွှမ်းမိုးနေမယ်ဆိုတာကို သတိမပြုမိကြဘူး။
ဆိုပါစို့ ..... စာမျက်နှာ (၁၈) မှာ ရည်းစားထားတယ်၊ စမျက်နှာ (၁၉) မှာ အိမ်ထောင်ကျတယ်၊ စာမျက်နှာ (၂၀)၊ (၂၁) မှာ အိမ်ထောင်ရေးဒုက္ခ၊ စီးပွားရေး ဒုက္ခတွေနဲ့ ကြုံတွေ့ လာရတယ်။ အတွေ့ အကြုံနုနယ်ပြီး၊ ပညာ ချို့  တဲ့တဲ့သူဟာ စီးပွားရေးမှာလည်း အဆင်မပြေနိုင်ဘူး။ အိမ်ထောင်ရေးမှာလည်း မအောင်မြင်နိုင်ဘူး။ ဒီလိုနဲ့  စာမျက်နှာ (၂၂) မှာ အိမ်ထောင်ကွဲတယ်။ နောက်ထပ်စာမျက်နှာတွေမှာ ကိုယ့ဘ၀ရဲ့ ကိုယ်တိုင်ရေးဝတ္ထုကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုမှ မရေးနိုင်တော့ဘူး။
လူတွေဟာ အသက် (၁၄)၊ (၁၅) မှ (၂၃)၊ (၂၄) ထိကာလကို စာရိတ္တကောင်းကောင်းနဲ့  ဖြတ်သန်းဖို့ လိုပါတယ်။ အဲဒီအရွယ်ဟာ ဘ၀တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးအချိန်ပါပဲ။ အဲဒီအရွယ်တွေဟာ စာသင်ခန်၊ ကျောင်း၊ သင်တန်းတွေနဲ့ အချိန်ကုန်နေတဲ့အရွယ်ဖြစ်နေတော့ အပေါင်းအသင်းတွေရဲ့ စရိုက်က အရမ်းကိုပဲ လွှမ်မိုးလွန်လှပါတယ်။ ဒါကြောင့် လူတစ်ယောက် ဘ၀ဟာ စာအုပ်ကြီးတစ်အုပ်နဲ့ တူတယ်ဆိုရင် စာမျက်နှာ (၁၄) မှ (၂၃) အတွင်း အကောင်းဆုံးတွေကို ရေးသားနိုင်ခဲ့မှ ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာ ဆက်ပြီး ဖတ်ချင်စဖွယ် ဖြစ်လာနိုင်မှာပါ။
ဒီလိုနဲ့  စာမျက်နှာ (၂၄) မှစပြီး လူ့ အသိုင်းအ၀ိုင်းထဲကို ၀င်ကြပြီ၊ တိုးကြပြီဆိုရင် စိတ်ဓာတ်ခိုင်မာဖို့ က အရေးကြီးလာပြန်တယ်။
အဲဒီအရွယ်မှာ အလုပ်လုပ်ချင်လာကြတယ်။ ၀င်ငွေလိုချင်လာပြီ။ ငွေရှာချင်လာပြီ။ ငွေဆိုတာ စက္ကူတွေဆိုပေမယ့် သူ့ မှာ အဓိပယ်တွေ ရှိနေပြန်တယ်။ ငွေရဲ့ဖျားယောင်းမှုကြောင့် ကိုယ့်ရဲ့ ဘ၀ စာမျက်နှာတွေမှာ အမှားတွေ တစ်ပုံတစ်ပင်ကြီး ဖြစတ်တတ်လာပြန်တယ်။ စာရိတ္တကိုငွေနဲ့ မလဲသင့်ဘူး။ အသက်မရှိတဲ့ ငွေစက္ကူဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အနိုင်မယူသင့်ဘူး။.
အဲဒီအချိန်မှာ ငွေထက် အရေးကြီးတာ အလုပ် လုပ်ဖို့ ပဲ။ အလုပ် လုပ်ခြင်းကြောင့်ရနိုင်တဲ့အကျိုး ငါးခုရှိတယ်။
1)    အလုပ် လုပ်ခြင်းကြောင့် ၀င်ငွေရတယ်။
2)    အလုပ်ကြောင့် ကိုယ်ဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်လာတယ်။
3)    အလုပ်ကြောင့် လူရာဝင်လာတယ်။
4)    အလုပ်ကြောင့် ရင့်ကျက်ခြင်း၊ တည်ငြိမ်ခြင်းတွေ ရလာနိုင်တယ်။
5)    အလုပ်ကြောင့် အရေးပါတဲ့သူတစ်ယောက်ဖြစ်လာတဲ့အတွက် စိတ်ချမ်းသာမှုတွေ ရလာနိုင်တယ်။
ဒါကြောင့်..... စာမျက်နှာ (၂၄) ကစပြီး ၀င်ငွေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ အလုပ် လုပ်ဖို့ လိုတယ်။ အလုပ်လုပ်တဲ့သူဟာ အဲဒီ အလုပ်ကြောင့် စာမျက်နှာ (၃၀)၊ (၄၀) တွေမှာ ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေ၊ ပျော်စရာတွေ၊ ရှိလာပါလိမ့်မယ်။
ဒါကြောင့် လူတစ်ယောက်ဘ၀ဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ၀တ္ထု တစ်အုပ်နဲ့ တူလာတယ်။ စာမျက်နှာ (၅၀)၊ (၆၀)၊ (၇၀) မှာ လောကဓံရဲ့အကြောင့်ကို ကောင်းကောင်းနားလည်လာတော့ အတ္တတွေ နည်းလာမယ်။ မာနတွေလျှော့လာမယ်။ အများအကျိုး သယ်ပိုးခြင်းနဲ့ အချိန်တွေကို ကုန်လွန်စေမယ်။ ပရဟိတ လုပ်ငန်းတွေမှာ ကိုယ့်ရဲ့ အတွေ့ အကြုံတွေကို အသုံးချမယ်။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားတွေနဲ့  လောကကို ၈ှုမြင်မယ်။ ပိုင်ဆိုင်ခြင်းရဲ့ အဓိပာယ်တွေနောက်မှာ စွန့် လွှတ်ခြင်းတွေ ရှိခဲ့တယ်ဆိုတာ ဒီအရွယ်မှာ မြင်သိလာရတော့ စွန့်  လွတ်ခြင်းဟာ ကျ၈ှုံးခြင်းမဟုတ်ဘဲ စွန့် လွှတ်နိုင်စွမ်းဟာ မိမိက်ုယ မိမိ အောင်မြင်မှုရဲ့ ကြီးမားတဲ့ စိတ်စွမ်းအင်ဖြစ်တယ်။ အဲဒီစိတ်ကြောင့် စာမျက်နှာ (၇၀) မှာ အလွတ်ဖတ်လို့ ကောင်းတဲ့ ၀တ္ထုစာအုပ်ရဲ့ အဆုံး သတ်ဖြစ်လာမှာပါ။ ဘာပဲပြောပြော နောက်ဆုံးမှာတော့ `` လိပ်ပြာခုံ၈ုံး´´ မှာ ကိုယ့် ကိုကိုယ် အစစ်ဆေးခံရဲဖို့ က အဓိက ပါပဲ။
ကျွန်တော့်အဖေဟာ အသက် (၇၇) နှစ်မှာ ကွယ်လွန်ပါတယ်။ အဖေ့ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာ စာမျက်နှာ (၇၇) မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ကျွန်တော့် အဖေရဲ့ ၀တ္ထုကို ဘယ်သူမှ စိတ်မ၀င်စားကြပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ အသက်(၃၂) နှစ်မှာ လုပ်ကြံခံရလို့ ကွယ်လွန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာ စာမျက်နှာ (၃၂) မှာပြီးဆုံးခဲ့ပါတယ်။ သူ့ ရဲ့ ၀တ္ထုဟာ တကယ်တော့ ပါးပါးလေးပါပဲ။ ဒါပေမယ့် အလွန်လေးနက်ပါတယ်။ အလွန်အတုယူချင်စရာကောင်းလှပါတယ်။
ကျွန်တော်တို့ ကိုးကွယ်ယုံကြည်တဲ့ မြတ်ဗုဒ္ဒကတော့ သက်တော် (၈၀) မှာပရိနိဗာန် စံဝင်တော်မူခဲ့ပါတယ်။ အလွန်လေးစားကြည်ညိုစရာကောင်းတဲ့၊ ဘယ်တော့ ဖတ်ဖတ်၊ ဖတ်လို့ မ၀နိုင်တဲ့ အနှိုင်းမဲ့ ကိုယ်တိုင်ရေး ၀တ္ထုကြီးကို ထားရစ်ခဲ့ပါတယ်။
ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကို ဘယ်သူပဲဖတ်ဖတ် လွမ်းတသသ ဖြစ်နေရတဲ့ ၀တ္ထုစာအုပ်တစ်အုပ် ဖြစ်ခဲ့မယ်ဆိုရင်တော့ လူ့ ဘ၀ ပိုင်ဆိုင်ခွင့်ရတာတကယ့် လက်ဆောင်ပါပဲ။
ကိုယ်တိုင် မဖတ်ရဲတဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ဖြစ်နေမယ်ဆိုရင်တော့ လူ့ ဘ၀ ပိုင်ဆိုင်ခွင့်ရတာကို အလွဲသုံးစား လုပ်သွားသူတစ်ယောက်အဖြစ် သတ်မှတ်ခံရမှာပါ။
ဒီထက်အရေးကြီးတာကတော့.....
ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကို ကိုယ့်သား၊ သမီး၊ မြေး၊ မြစ်တွေက လက်ဆင့်ကမ်းပြီး ဖတ်နေကြဦးမယ်ဆိုတာပါပဲဗျာ..........။
ဦးဘုန်း (ဓာတု) မန္တလေး ရေးသားသော သုည အတွေးရသ စာစု မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ လိုအပ်ချက်များရှိနေပါက ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး ကောင်းမွန်ပါက မူရင်းရေးသားသူ ဆရာ ဦးဘုန်း (ဓာတု) မန္တလေး ၏ တတ်ကျွမ်းမှုများကြောင့်သာဖြစ်ပါသည်။ သူငယ်ချင်းများအားလုံး ဘ၀မှာ တန်ဖိုးရှိတဲ့ ကိုယ်တိုင်ရေး ၀တ္ထုကို ရေးသားနိုင်သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း..........။
ဆန္ဒများစွာဖြင့်
ကိုသန့်သူရဦး

သီလသတ္တိ

နွေရာသီ ကျောင်းပိတ်ရက်တွေမှာ ယဉ်းကျေးလိမ္မာ သင်တန်းတွေ ဖွင့်ကြတယ်။ လူငယ်တွေကို ဘာသာရေးအပေါ်အခြေခံတဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးစံတွေ၊ ရိုးရာအစဥိအလာတွေကို သင်ကြားလေ့ကျင့်ပေးတဲ့အတွက် ဒီလိုသင်တန်းတွေပေါ်လာတာကို ၀မ်းသာပါတယ်။
          ယဉ်ကျေးလိမ္မာသင်တန်းများမှာ သင်တန်းတက်ရောက်နေကြတဲ့ လူငယ်တွေကို ရဟန်းသံဃာတော်တွေက စနစ်တကျ ပို့ ချကြတယ်။ အဲဒီသင်တန်းတွေမှာ အစား အသောက်အတွက် အလှူရှင်တွေ ရှိသလို အသိပညာအတွက် ဝေမျှပေးကြတဲ့ စာရေးဆရာများလည်းရှိပါတယ်။
          အဲဒီသင်တန်းတွေမှာ ကျွန်တော်က တစ်နာရီခွဲခန့်  စကားပြောခွင့်ရပါတယ်။ တချို့ နယ်တွေမှာဆိုရင် တစ်ည သွားအိပ်ရပါတယ်။ မှတ်မှတ်ရရ ယဉ်ကျေးလိမ္မာသင်တန်းတစ်ခုမှာ ညသွားအိပ်တော့ စကားဝိုင်းဖွဲ့ပြောဖြစ်ကြတယ်။
          အဲဒီညရဲ့ စကားဝိုင်းမှာ တက္ကသိုလ်တက်နေကြတဲ့ လူငယ်တွေက အများစုပါ။
          လူငယ်တွေကပြောကြပါတယ်။
          သူတစ်ပါးအသက်ကိုသတ်ရင် ကိုယ့်အသက် တိုတတ်တယ်တဲ့၊ ကိုယ်အသက်ရှည်ဖို့ သူများအသက်ကို မသတ်ရဘူးလို့ ပြောတယ်။ ဒါပေမယ့် ဘယ်သူ့အသက်မှ မသတ်ဘဲ အသက်တိုနေတဲ့သူတွေ၊ သူတစ်ပါးအသက်သတ်ပြီ အသက်ရှည်နေတဲ့သူတွေကို တွေ့ ရပြန်တော့် လူငယ်တွေရဲ့ရင်ထဲမှာ ဒီအယူအဆကို သိပ်ပြီး လက်သင့်မခံချင်ကြပါဘူး။ လူကြီးတွေပြောတဲ့ စကားမို့ လို့ သာ မငြင်းသာလို့ ငြိမ်ပြီး နားထောင်နေရတယ်လို့ ပြောကြတယ်။
          ဒီလိုပါပဲ။ သူ့ဥစ္စာ မခိုးနဲ့ ။ သူ့ဥစ္စာခိုးရင် ကိုယ့်ဥစ္စာ အခိုးခံရတတ်တယ်။ ကိုယ့်ပစ္စည်း မီးလောင်ခံရတတ်တယ်။ ဘယ်သူ့ ဥစ္စာမှ ခိုးယူခြင်းမရှိဘဲ ကိုယ့်ဥစ္စာ အခိုးခံနေရတဲ့သူတွေ အများကြီးရှိပါတယ်။ တချို့ များ သူများဥစ္စာကို နည်းမျိုးစုံနဲ့  ခိုးယူနေကြပါတယ်။ ဒါပေမယ့် သူတို့ ပစ္စည်းတွေ မီးလောင်ပျက်စီးဆုံး၈ှုံးခြင်းမရှိဘူး။
          ဒီတော့ လူငယ်တွေရဲ့ရင်ထဲမှာ သီလရဲ့ အဓိပ်ပါယ်ကို သိချင်လာကြတယ်။  လူငယ်ဆိုတော့ လက်တွေ့  ကျမှ ကြိုက်တယ်။ ရှေ့ဘ၀တွေ၊ နောက်ဘ၀တွေနဲ့ပြောရင် သိပ်ပြီး လက်မခံချင်ကြဘူး။ ပုံပြင်တွေ၊ ယုံတမ်းစကားတွေနဲ့ သူတို့ ကို လှည့်စားလို့ မရဘူး။ သူတို့က မေးတယ်၊ ပြောတယ်။ ဒါဆိုရင် သီလ ဆိုတာ ယတြာချေသလို ဖြစ်နေတာပေါ့နော်တဲ့။ ကျွန်တော်က သူတို့ ကိုငရဲနဲ့ မခြောက်ချင်ဘူး။ သူတို့ ဥာဏ်မမှီတဲ့ စကားလုံးတွေနဲ့လည်းမပြောချင်ဘူး။ လက်တွေ့ကျကျ ယခု ဘ၀မှာ သီလစောင့်ထိန်းသင့်ကြောင်းနဲ့ သီလရဲ့ သတ္တိကို ထိုနေ့ညက ပြောပြဖြစ်တယ်။
          ``မင်းတို့ အဲဒီလို ဆုံးမပြောကြားတာတွေကို သံသယ မရှိကြနဲ့။ အဲဒါတွေက အားလုံးမှန်တယ်။ ဒါပေမယ့် မင်းတို့ လက်ခံလာအောင် လက်တွေ့ကျကျ တွေးပြမယ်။ ဘာပဲဖြစ်ဖြစ် သီလကိုတော့ စောင့်ထိန်းကြရမယ်။ သီလရဲ့အကြောင်းကို စဉ်းစားကြည့်ရင် မေတ္တာတရားတွေ၊ စာနာစိတ်တွေ၊ ကိုယ်ချင်းစာတရားတွေ ပါသလို ၊ စိတ်ကောင်းထားဖို့ လဲ ပါတာပေါ့ကွာ။ဒါထက်အရေးကြီးတာကတော့ `သီလ´ ဆိုတာ `၀ီရ´ ပဲ။ သီလ ကိုစောင့်ထိန်းတယ်ဆိုတာ ၀ီရ လို့ ခေါ်တဲ့ ရဲရင့်ခြင်း ကိုဖြစ်စေဖို့ပဲ။ မင်းတို့ နားလည်လွယ်အောင် ရိုးရိုး ရှင်းရှင်းလေး ပြောပြမယ်။ နားထောင်´´။
          ကျွန်တော်က ဒီလိုရှင်းပြလိုက်တယ်။
          ကဲ.....စဉ်းစားကြည့်ကြရအောင်။
          သူတစ်ပါးအသက်ကို မသတ်သင့်ဘူး။ မယုံရင် သတ်ကြည့်လိုက်ပါလား။ လူတစ်ယောကိုသတ်တဲ့သူဟာ အဲဒီသေနေတဲ့ အလောင်းကောင်နားမှာ ထိုင်နေရဲလို့လား။ ဘာလို့ထွက်ပြေးတာလဲ။ စဉ်းစားကြည့်ကြစမ်းပါနော်။ သူ့အသက်ကိုသတ်ဖူးတဲ့လူဟာ အဲဒီသတ်လိုက်တဲ့စိတ်ကြောင့် ရဲရင့်ခြင်းဆိုတဲ့ ၀ီရ မဖြစ်နိုင်တော့ဘူး။ လူပုံအလယ်မှာ ဟတ်ဆောင်ပြီးတော့သာ နေလို့ရချင်ရမယ်။ ဘယ်လိုပဲ ချပ်ဝတ်တန်ဆာတွေ ၀တ်ထားထား၊  ဘယ်လိုပဲ အရံအတားတွေ လုပ်ထားထား၊ သူ့စိတ်ထဲမှာတော့ ရဲရင့်ခြင်းဆိုတဲ့ ၀ီရ မဖြစ်နိုင်တော့ဘူး။ သူတစ်ပါးကိုသတ်ထားတဲ့စိတ်ကြောင့် အချိန်တိုင်း၊ အချိန်တိုင်း အဲဒီစိတ်က လူကို ဖိစီးနေတယ်။ စိုးရွံ့နေတယ်။ ငါ့ကိုများ သူတို့မိသားစု ပြန်သတ်လေမလား၊ ငါ့ကိုများ တရားဥပဒေက ဘယ်လို၊ ဒါတွေကိုတွေးပြီး အားငယ်လာတယ်။ ၀ီရ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရဲရင့်သူဖြစ်ဖို့၊ ၀ီရ ဖြစ်ဖို့ သူတစ်ပါးအသက်ကို သတ်ခြင်းမှ ရှေင်ကြဉ်သင့်တယ်။
          ကျွန်တော် ဒီလိုရှင်းပြလိုက်တော့ သူတို့ မငြင်းသာတော့ဘူး။
          ဒီလိုပါပဲ။ သူတစ်ပါးဥစ္စာပစ္စည်းကို မခိုးယူသင့်ဘူး။ ခိုးယူထားတဲ့သူဟာ ၀ီရ ရဲရင့်ခြင်းမဖြစ်နိုင်တော့ဘူး။ မယုံရင် လူတစ်ယောက်ဆီက အကြွေးယူကြည့်လိုက်။ အဲဒီအကြွေး မပေးနိုင်တဲ့အတွက် အကြွေးရှင်ကို တွေ့တိုင်းကြောက်နေရပြီ။ ၀ီရ မဖြစ်နိုင်တော့ဘူး။ ဒါတောင် ခိုးယူတာမဟုတ်သေးဘူးနော်။ အကြွေးယူတဲ့ အဆင့်တောင် ၀ီရ မဖြစ်နိုင်တော့ရင် သူတစ်ပါးဥစ္စာ ပစ္စည်းခိုးယူထားတဲ့သူဟာ လူပုံအလယ်မှာ ဘယ်လိုမှ ရဲရင့်သူ တစ်ယောက်မဖြစ်နိုင်တော့ပါဘူး။ အချိန်တိုင်း၊ အချိန်တိုင်း စိုးရိမ်စိတ်တွေနဲ့ရှင်သန်နေရမယ်။ ခိုးယူထားတဲ့အမှုကြောင့် ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို ကိုယ်တိုင်တောင် ယုံကြည်မှု မရှိတော့ဘူး။ ဥစ္စာပစ္စည်း သုံးမကုန်၊ ဖြုန်းမကုန်အောင်ရှိနေပြီး ရွှေပုံ၊ ငွေပုံပေါ်မှာ စိတ်ဆင်းရဲနေကြရတယ်။ ရဲရင့်မှု မရှိနိုင်တော့ဘူး။ ယုံကြည်မှု မရှိနိုင်တော့ဘူး။ ဒါကြောင့်ရဲရင့်သူဖြစ်ဖို့ သူတစ်ပါး ဥစ္စာ ပစ္စည်းကို မခိုးယူသင့်ပါဘူး။ ခိုးယူခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။
          လူငယ်တွေဆိုတာ ဒီလိုရှင်းပြမှပဲ သဘောကျနေကြတော့တယ်။
          လူဖြစ်ပြီးတော့ ၀ီရ မဖြစ်ရင် တိရစ္ဆာန်တစ်ကောင် အသက်ရှင်နေရတာနဲ့ အတူတူပါပဲ။
          ဆက်ပြီး စဉ်းစားကြည့်ကြရအောင်။
          လူတစ်ယောက်ဟာ အခြားသူတစ်ယောက်အကြောင်းကို သူ့ကွယ်ရာမှာ မုသား သုံးမယ်။ လိမ်ပြောမယ်။ အတင်းအဖျင်းပြောထားမယ်ဆိုရင် အဲဒီလူကိုတွေ့တိုင်း ၀ီရ ဖြစ်နိုင်ပါတော့မလား။ ရဲရင့်နိုင်ပါ့မလား။ ဒါကြောင့်ရိုးရိုးသားသား နေသင့်တယ်။ ပြဿနာတွေကို ရိုးရိုးသားသား ဖြေရှင်းသင့်တယ်။ ပြဿနာတွေကို မုသားနဲ့ဖြေရှင်းတဲ့သူဟာ ဘယ်လိုလုပ်ပြီး လူပုံအလယ်မှာ ၀ီရ ဖြစ်နိုင်မလဲ။ လူအချင်းချင်း လှည့်ပတ်လိမ်ညာယ်ဆိုတာ ၀ီ၇ မဖြစ်တဲ့သူတွေရဲ့ အပြုအမူတွေပါပဲ။ လိမ်ညာတတ်သူ၊ ဟတ်ဆောင်တတ်သူ ဟာ ကိုယ့်ကိုကိုယ်လည်းယုံကြည်မှု မရှိနိုင်တော့ဘူး။ တွေ့သမျှလူကိုလည်း ကိုယ် လိမ်ညာထားတာ၊ ဟန်ဆောင်ထားတာတွေကို လူသိမှာစိုးလို့ စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်။ အားငယ်စိတ်တွေနဲ့ ရှင်သန်နေရတယ်။ ရဲရင့်သူ မဖြစ်နိုင်တော့ဘူး။ ဒါကြောင့် ရဲရင့်သူ ဖြစ်ဖို့ ၀ီရ ဖြစ်ဖို့ လိမ်ညာပြောဆိုခြင်း၊ မုသာူစကား ပြောဆိုခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
          အဲဒီအချိန်မှာ လူငယ်တစ်ယောက်က ၀င်ပြီးဆွေးနွေးတယ်။
          ဟုတ်သားပဲ။ ကျွန်တော်တို့ဆိုရင် သူများအသက်ကိုတော့ မသတ်ဖူးဘူးဗျ။ ဒါပေမယ့်  ကျောင်းစာတွေကိုတော့ ခိုးချဖူးတယ်။ လိမ်ညာတော့ပြောဖူးတယ်။ အဲဒီအခါ စိတ်ထဲက တစ်ခုခုကို မလုံမလဲ ဖြစ်နေသလို ခံစားရတယ်ဆရာ။
          ကျွန်တော်က ဆက်ပြောတယ်။
          ဒီလိုပါပဲ။ လိုရင်းပြောကြည့်ရအောင်။ မယားငယ်ယူထားတဲ့ ဖခင်တစ်ယောက်ဟာ ကိုယ့်သား၊ သမီးကို ပြန်ကြောက်နေရတယ်။ လူငယ်တွေဆိုရင် မိဘကွယ်ရာမှာ ကိုယ့်ရည်းစားနဲ့ အနေအထိုင်မှားခဲ့တဲ့ သား၊ သမီးဟာ မိဘကို တွေ့တိုင်းကြောက်နေရတယ်။ ဆရာကိုတွေ့တိုင်းကြောက်နေရတယ်။ ကိုယ့်အိမ်ထောင်ဖက်ကွယ်ရာမှာ အခြားသူနဲ့ဖောက်ပြန်ထားတဲ့သူဟာ ကိုယ့်အိမ်ထောင်ဖက်ကို တွေ့တိုင်းကြောက်နေရတယ်။ ဒါဟာ ကာမေသု မိစ္ဆာစာရ ရဲ့ သတ္တိပဲ။ ကာမေသုကို တန်ဖိုးမထားတဲ့ပသူဟာ ကိုယ့်ယဉ်ကျေးမှုကိုဖောက်ဖျက်နေသလိုပဲ။ အခုဆိုရင် အင်တာနက်ထဲမှာ လူသိရှင်ကြားတဲ့ သရုပ်ဆောင်တွေရဲ့ ပုံတွေ မမြင်ချင်အဆုံးပဲ။ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေကြတာ။ ပတ်ဝန်းကျင်ကို တန်ဖိုးထားသင့်တယ်။ ပတ်ဝန်းကျင်ကို မထီမဲ့မြင် မလုပ်သင့်ဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့် ယဉ်ကျေးမှုကို တန်ဖိုးထားသင့်တယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ဆိုပြီးတော့ ကိုယ့်ယဉ်ကျေးမှုကို မဖျက်စီးသင့်ပါဘူး။ သူတို့နိုင်ငံ၊ သူတို့ယဉ်ကျေးမှုဟာ သူတို့အတွက်ပဲလေ။ ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှုဟာ ကိုယ့်အတွက်ပဲလေ။ လူသိထင်ရှားတဲ့သူတွေဟာ ပိုပြီးတော့ ယဉ်ကျေးမှုကို ထိန်းသိမ်းသင့်ပါတယ်။ တန်ဖိုးထားသင့်ပါတယ်။ ကာမေသုမိစ္ဆာစာရ ကျူးလွန်ထားတဲ့သူဟာ လူပုံအလယ်မှာ တကယ့် ၀ီရ မဖြစ်နိုင်ပါဘူး။ စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေထိုင်နေကြရတယ်။ အသက်အရွယ် ကြီးလေလေ၊ ကိုယ်ငယ်စဉ်တုံးက စိတ်အလိုလိုက်ပြီး မှားခဲ့တာတွေကို ရှက်လာလိမ့်မယ်။ အားငယ်လာလိမ့်မယ်။ ရဲရင့်သူ မဖြစ်နိုင်တော့ဘူး။ ၀ီရ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ရဲရင့်သူဖြစ်ဖို့ ၊ ၀ီရ ဖြစ်ဖို့ ကာမေသုမိစ္ဆာစာရ ကိုရှောင်သင့်ပါတယ်။
          နားထောင်နေတဲ့လူငယ်တွေအားလုံးဟာ ခေါင်းတညိမ့်ညိမ့်နဲ့ပေါ့။
          ဒီနေ့ခေတ်မှာ အရက်တွေ ပေါလိုက်တာ။ သူရာမေရယ ဆိုတာ လူငယ်တွေအတွက် ဖောက်ဖျက်ဖို့ အလွယ်ဆုံးသော ကိစ္စပဲ။ ဒီသူရာမေရယ ကြောင့် မုသားပြောဖို့၊ ဖောက်ပြန်ဖို့ လွယ်ကူလာတယ်။ ခိုးဖို့၊ သတ်ဖိုံလည်း ၀န်မလေးတော့ပါဘူး။ မဟုတ်တာလုပ်ချင်တဲ့သူက အရက်ကလေးနဲ့ ရဲဆေးတင်ကြတယ်။ အရက်ကြောင့် စကားမှားတယ်။ အရက်ကြောင့် အပြုအမူတွေ မှားတယ်။ အရက်ကြောင့် လူအထင်သေးခံရတယ်။ အရက်ကြောင့် စီးပွားပျက်တယ်။ အရက်ကြောင့်အိမ်ထောင်ပျက်တယ်။ အရက်ကြောင့် စာရိတ္တ ပျက်တယ်။ ဒီလိုပဲ ဒီနေ့ခေတ် လူငယ်တွေက အရက်ဆိုလည်းသောက်လိုက်တာပဲ။ အရက်လိုပဲ မူးယစ်ဆေးတွေ၊ စိတ်ကြွဆေးတွေကို မသုံးစွဲသင့်ပါဘူး။ မူးယစ်ဆေးကြောင့်၊ စိတ်ကြွဆေးကြောင့် အမှားတွေ လုပ်မိလာကြတယ်။ အမှားလုပ်ထားတဲ့သူဟာ ဘယ်လိုလုပ် ၀ီရ ဖြစ်နိုင်တော့မှာလဲ။ အမှားမလုပ်မိဖို့၊ ၀ီရ ဖြစ်ဖို့ အရက်၊ မူးယစ်ဆေး၊ စိတ်ကြွဆေးတွေကို သုံးစွဲခြင်းမှ ရှောင်ကြည်သင့်တယ်။
          လူငယ်တွေမျက်နှာမှာ ကြည်လင်ခြင်းတွေကို ကျွန်တော် တွေ့လိုက်ရပါတယ်။
          တကယ်တော့ သီလ ဆိုတာ.......
          လူတစ်ယောက်၊ လူပုံအလယ်မှာ ရဲရင့်သူတစ်ယောက်ဖြစ်ဖို့အတွက် စောင့်ထိန်းရမယ့် အခြေခံ လူ့ကျင့်ဝတ်ပဲ။ ဘယ်လူမျိုးပဲ ဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲ ကိုးကွယ် ကိုးကွယ်၊ ဘယ်လို ယဉ်ကျေးမှုကိုပဲ လက်ခံ လက်ခံ၊ ဒီအခြေခံလူ့ကျင့်ဝတ်ကိုတော့ စောင့်ထိန်းသင့်တယ်။ စောင့်ထိန်းရမယ်။ သီလ တစ်ခုခုကို ဖောက်ဖျက်ထားတဲ့သူဟာ အသက်ဘယ်လောက်ကြီးကြီး၊ ဘယ်လောက်ပဲ စည်းစိမ်ဥစ္စာရှိရှိ၊ ဘယ်လောက်ပဲ ဂုဏ်ရှိရှိ၊ ဘယ်လောက်ပဲ ပညာတတ်တတ်၊ ဘယ်လောက်ပဲ ကျော်ကြားတဲ့သူဖြစ်ပါစေ ၀ီရ မဖြစ်နိုင်တော့ဘူး။ ရဲရင့်သူ မဖြစ်နိုင်တော့ဘူး။ ၀ီရ မဖြစ်မှတော့ သူ့ရဲ့ပိုင်ဆိုင်မှုအားလုံးဟာ ဘာမှ အဓိပ်ပါယ် မရှိနိုင်တော့ဘူး။ လူဖြစ်ပြီးတော့ ၀ီရ မဖြစ်ရင် လူဖြစ်ရကျိုးမနပ်ဘူး။ ဒါကြောင့် လူဖြစ်ရကျိုးနပ်ချင်ရင် ၀ီရ ဖြစ်အောင်လုပ်ရမယ်။ ၀ီရ ဖြစ်ဖို့အတွက် သီလ စောင့်ထိန်းကြရမယ်။ သီလဆိုတာ ၀ီရပဲ။ သီလ ဆိုတာ လူတစ်ယောက်ဘ၀ကို အဓိပ်ပါယ်ရှိအောင် မြှင့်တင်ပေးနိုင်တဲ့ အခြေခံ လူ့ကျင့်ဝတ်ပဲကွ။
          လူငယ်တွေကို နားလည်အောင် ရိုးရိုး ရှင်းရှင်းပဲ ပြောပြချင်တယ်။
          သီလ ဟာ လူတစ်ယောက်ရဲ့ တန်ခိုးပဲ။
          သီလ ဟာ လူတစ်ယောက်ရဲ့ ရဲရင့်ခြင်းပဲ။
          သီလ ဟာ လူတစ်ယောက်ရဲ့ တန်ဖိုးပဲ။
          သီလ ဟာ လူတစ်ယောက်ရဲ့ ခွန်အားပဲ။
          သီလ ဟာ လူတစ်ယောက်ရဲ့ ဘ၀ပဲ။
ဦးဘုန်း (ဓာတု) မန္တလေး ရေးသားသော သုည အတွေးရသ စာစု မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ လိုအပ်ချက်များရှိနေပါက ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး ကောင်းမွန်ပါက မူရင်းရေးသားသူ ဆရာ ဦးဘုန်း (ဓာတု) မန္တလေး ၏ တတ်ကျွမ်းမှုများကြောင့်သာဖြစ်ပါသည်။ သူငယ်ချင်းများအားလုံး လောကမှာ ၀ီရ၊ ရဲရင့်ခြင်းနဲ့ ပြည့်စုံသူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း............။
ဆန္ဒများစွာဖြင့်
ကိုသန့်သူရဦး