Thursday, September 22, 2011

ကိုယ်တိုင်ရေးဝတ္ထုစာအုပ်.....။

တစ်နေ့ဆီတုန်းက.....။
စာအုပ်စင်ကို သတိပြုမိတယ်။ ၀ယ်ထားတဲ့စာအုပ်တွေက အများကြီးပါ။ တချို့ စာအုပ်တွေဆိုရင် အစ၊ အဆုံးမဖတ်ဖြစ်ဘူး။ ဆွဲဆောင်မှုမရှိတော့ ကိုယ့်ရဲ့ အာ၈ုံကို မဖမ်းစားနိုင်ဘူးပေါ့။ တချို့ စာအုပ်တွေကျတော့ တစ်ခေါက်ဖတ်ပြီးရင် နောက်ထပ် မဖတ်ချင်တော့ဘူး။ တချို့ စာအုပ် အနည်းငယ်ကျတော့  ခဏခဏ ပြန်ပြီးဖတ်ချင်နေမိပြန်တယ်။ ဆရာကြီးရွှေဥဒေါင်းရဲ့ စာအုပ်တွေ၊ ဆရာတက်တိုးရဲ့ စာအုပ်တွေ၊ ဆရာဖေမြင့်ရဲ့ စာအုပ်တွေ၊ ဆရာကြီးဦးရွှေအောင်ရဲ့ စာအုပ်တွေ၊ ဆရာသော်တာဆွေရဲ့  စာအုပ်တွေဆိုရင် ဖတ်တိုင်းမရိုးနိုင်ပါဘူး။
ဒီလိုနဲ့ တွေးမိတယ်။
လူ့ ဘ၀ဆိုတာ..... စာမျက်နှာ (၆၀) ကျော် (၇၀) ကျော် ပါတဲ့ ၀တ္ထုစာအုပ်ကြီးတစ်အုပ်နဲ့ တူတယ်။ စာ (၁) မျက်နှာကို တစ်နှစ် လို့ ယူဆကြည့်ကြရအောင်။
လူဆိုတာ အသက်(၆၀) ကျော် (၇၀) လောက်ပဲ လူ့ လောကမှာ နေထိုင်ခွင့်၊ ရှင်သန်ခွင့်ရှိကြတယ်။ တစ်နည်းပြောရရင် စာမျက်နှာ (၆၀) ကျော၊ (၇၀) ကျော်လောက်ရှိတဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကြီးပါပဲ။ အဲဒီဝတ္ထုဟာ ကိုယ့်ရဲ့ ပုံရိပ်ပဲ။ ကိုယ့်ရဲ့ ပြန်ဖျက်လို့ မရတဲ့ သမိုင်းပဲ။ပြုပြင်လို့ မရတဲ့ စာမျက်နှာတွေပဲ။
စာမျက်နှာ (၂) ကနေစပြီး စာမျက်နှာ (၇၀) မှာ ဘယ်စာမျက်နှာတွေက အရေးအကြီးဆုံးလဲဆိုတာကို ကျွန်တော် စဉ်းစားမိတယ်။ စာမျက်နှာ (၁) ကနေစပြီး စာမျက်နှာ (၁၃) ၊ (၁၄) အထိအောင် ကလေူဘ၀ကို ဖြတ်သန်းကြရတယ်။ ဆော့မယ်၊ ကစားမယ်၊ လိုချင်တာကို ပူဆာမယ်၊ မရရင် ငိုမယ်၊ ဆရာ့စကားကို နားထောင်မယ်၊ မိဘ စကားကိုနားထောင်မယ်။
စာမျက်နှာ (၁၅) ကစလို့ အရေးကြီးလာပြီ။
ကိုယ့်ဘ၀မှာ မိဘ၊ ဆရာတွေ အပြင် သူငယ်ချင်းတွေရဲ့ အပြုအမူတွေကပါ ကိုယ့်အပေါ် လွှမ်းမိုးလာပြီ။ သူငယ်ချင်းတွေရဲ့ စကားဟာ မိဘ၊ ဆရာတွေထက် ပိုနားဝင်လွယ်လာပြီ။ စာမျက်နှာ (၁၄) မှ စာမျက်နှာ (၂၃) အတွင်းမှာ စိတ်ဓာတ်တွေ ပြောင်းလဲလာပြီ။ မိဘကို သိပ်အထင်မကြီးချင်ကြတော့ဘူး။ ဆုံးမတဲ့ ဆရာတွေကို ကိုယ်ချင်းစာတရားမရှိသူတွေအဖြစ် မြင်လာကြတယ်။ ရည်းစားထားချင်လာတယ်။ စိတ်ကစားလာတယ်။ အချစ်ကို စိတ်ကူးယဉ်လာကြတယ်။ ပညာရေးထဲမှာ အချစ်ရေးကိစ္စတွေက ပါလာပြီ။ အချစ်ကြောင့် အရာရာကို အာခံရဲလာတယ်။ အဲဒီ စာမျက်နှာတွေမှာ ယောက်ျားလေးဆိုရင် အပေါင်းအသ်ငးမှားပြီးတော့ ကျောင်းပြေးတတ်လာတယ်။ ဆေးလိပ်သောတက်တတ်လာတယ်။ မူးယစ်ဆေးသုံးတတ်လာတယ်။ ဘီယာ၊ အရက် သုံစွဲ တတ်လာတယ်။ မိန်းကလေးတွေဆိုရင် အပြိုင်အဆိုင်စိတ်နဲ့  ရည်းစားလိုချင်လာတယ်။ ရည်းစားထားကြတော့တယ်။
စာမျက်နှာ (၁၄)မှ (၂၃) အထိဖြစ်ပျက်ခဲ့တဲ့ ကိုယ့်ဘ၀ဟာ စာမျက်နှာ (၂၃) နောက်ပိုင်းအထိ လွှမ်းမိုးနေမယ်ဆိုတာကို သတိမပြုမိကြဘူး။
ဆိုပါစို့ ..... စာမျက်နှာ (၁၈) မှာ ရည်းစားထားတယ်၊ စမျက်နှာ (၁၉) မှာ အိမ်ထောင်ကျတယ်၊ စာမျက်နှာ (၂၀)၊ (၂၁) မှာ အိမ်ထောင်ရေးဒုက္ခ၊ စီးပွားရေး ဒုက္ခတွေနဲ့ ကြုံတွေ့ လာရတယ်။ အတွေ့ အကြုံနုနယ်ပြီး၊ ပညာ ချို့  တဲ့တဲ့သူဟာ စီးပွားရေးမှာလည်း အဆင်မပြေနိုင်ဘူး။ အိမ်ထောင်ရေးမှာလည်း မအောင်မြင်နိုင်ဘူး။ ဒီလိုနဲ့  စာမျက်နှာ (၂၂) မှာ အိမ်ထောင်ကွဲတယ်။ နောက်ထပ်စာမျက်နှာတွေမှာ ကိုယ့ဘ၀ရဲ့ ကိုယ်တိုင်ရေးဝတ္ထုကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုမှ မရေးနိုင်တော့ဘူး။
လူတွေဟာ အသက် (၁၄)၊ (၁၅) မှ (၂၃)၊ (၂၄) ထိကာလကို စာရိတ္တကောင်းကောင်းနဲ့  ဖြတ်သန်းဖို့ လိုပါတယ်။ အဲဒီအရွယ်ဟာ ဘ၀တစ်လျှောက်လုံးအတွက် အရေးအကြီးဆုံးအချိန်ပါပဲ။ အဲဒီအရွယ်တွေဟာ စာသင်ခန်၊ ကျောင်း၊ သင်တန်းတွေနဲ့ အချိန်ကုန်နေတဲ့အရွယ်ဖြစ်နေတော့ အပေါင်းအသင်းတွေရဲ့ စရိုက်က အရမ်းကိုပဲ လွှမ်မိုးလွန်လှပါတယ်။ ဒါကြောင့် လူတစ်ယောက် ဘ၀ဟာ စာအုပ်ကြီးတစ်အုပ်နဲ့ တူတယ်ဆိုရင် စာမျက်နှာ (၁၄) မှ (၂၃) အတွင်း အကောင်းဆုံးတွေကို ရေးသားနိုင်ခဲ့မှ ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာ ဆက်ပြီး ဖတ်ချင်စဖွယ် ဖြစ်လာနိုင်မှာပါ။
ဒီလိုနဲ့  စာမျက်နှာ (၂၄) မှစပြီး လူ့ အသိုင်းအ၀ိုင်းထဲကို ၀င်ကြပြီ၊ တိုးကြပြီဆိုရင် စိတ်ဓာတ်ခိုင်မာဖို့ က အရေးကြီးလာပြန်တယ်။
အဲဒီအရွယ်မှာ အလုပ်လုပ်ချင်လာကြတယ်။ ၀င်ငွေလိုချင်လာပြီ။ ငွေရှာချင်လာပြီ။ ငွေဆိုတာ စက္ကူတွေဆိုပေမယ့် သူ့ မှာ အဓိပယ်တွေ ရှိနေပြန်တယ်။ ငွေရဲ့ဖျားယောင်းမှုကြောင့် ကိုယ့်ရဲ့ ဘ၀ စာမျက်နှာတွေမှာ အမှားတွေ တစ်ပုံတစ်ပင်ကြီး ဖြစတ်တတ်လာပြန်တယ်။ စာရိတ္တကိုငွေနဲ့ မလဲသင့်ဘူး။ အသက်မရှိတဲ့ ငွေစက္ကူဟာ ကိုယ့်ရဲ့ ကိုယ်ကျင့်တရားကို အနိုင်မယူသင့်ဘူး။.
အဲဒီအချိန်မှာ ငွေထက် အရေးကြီးတာ အလုပ် လုပ်ဖို့ ပဲ။ အလုပ် လုပ်ခြင်းကြောင့်ရနိုင်တဲ့အကျိုး ငါးခုရှိတယ်။
1)    အလုပ် လုပ်ခြင်းကြောင့် ၀င်ငွေရတယ်။
2)    အလုပ်ကြောင့် ကိုယ်ဟာ ဘယ်လိုလူဖြစ်တယ်ဆိုတာကို ဖော်ပြနိုင်လာတယ်။
3)    အလုပ်ကြောင့် လူရာဝင်လာတယ်။
4)    အလုပ်ကြောင့် ရင့်ကျက်ခြင်း၊ တည်ငြိမ်ခြင်းတွေ ရလာနိုင်တယ်။
5)    အလုပ်ကြောင့် အရေးပါတဲ့သူတစ်ယောက်ဖြစ်လာတဲ့အတွက် စိတ်ချမ်းသာမှုတွေ ရလာနိုင်တယ်။
ဒါကြောင့်..... စာမျက်နှာ (၂၄) ကစပြီး ၀င်ငွေ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ အလုပ် လုပ်ဖို့ လိုတယ်။ အလုပ်လုပ်တဲ့သူဟာ အဲဒီ အလုပ်ကြောင့် စာမျက်နှာ (၃၀)၊ (၄၀) တွေမှာ ပိုင်ဆိုင်မှုတွေ၊ အောင်မြင်မှုတွေ၊ ပျော်စရာတွေ၊ ရှိလာပါလိမ့်မယ်။
ဒါကြောင့် လူတစ်ယောက်ဘ၀ဟာ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ၀တ္ထု တစ်အုပ်နဲ့ တူလာတယ်။ စာမျက်နှာ (၅၀)၊ (၆၀)၊ (၇၀) မှာ လောကဓံရဲ့အကြောင့်ကို ကောင်းကောင်းနားလည်လာတော့ အတ္တတွေ နည်းလာမယ်။ မာနတွေလျှော့လာမယ်။ အများအကျိုး သယ်ပိုးခြင်းနဲ့ အချိန်တွေကို ကုန်လွန်စေမယ်။ ပရဟိတ လုပ်ငန်းတွေမှာ ကိုယ့်ရဲ့ အတွေ့ အကြုံတွေကို အသုံးချမယ်။ ကိုယ်ချင်းစာတရား၊ မေတ္တာတရားတွေနဲ့  လောကကို ၈ှုမြင်မယ်။ ပိုင်ဆိုင်ခြင်းရဲ့ အဓိပာယ်တွေနောက်မှာ စွန့် လွှတ်ခြင်းတွေ ရှိခဲ့တယ်ဆိုတာ ဒီအရွယ်မှာ မြင်သိလာရတော့ စွန့်  လွတ်ခြင်းဟာ ကျ၈ှုံးခြင်းမဟုတ်ဘဲ စွန့် လွှတ်နိုင်စွမ်းဟာ မိမိက်ုယ မိမိ အောင်မြင်မှုရဲ့ ကြီးမားတဲ့ စိတ်စွမ်းအင်ဖြစ်တယ်။ အဲဒီစိတ်ကြောင့် စာမျက်နှာ (၇၀) မှာ အလွတ်ဖတ်လို့ ကောင်းတဲ့ ၀တ္ထုစာအုပ်ရဲ့ အဆုံး သတ်ဖြစ်လာမှာပါ။ ဘာပဲပြောပြော နောက်ဆုံးမှာတော့ `` လိပ်ပြာခုံ၈ုံး´´ မှာ ကိုယ့် ကိုကိုယ် အစစ်ဆေးခံရဲဖို့ က အဓိက ပါပဲ။
ကျွန်တော့်အဖေဟာ အသက် (၇၇) နှစ်မှာ ကွယ်လွန်ပါတယ်။ အဖေ့ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာ စာမျက်နှာ (၇၇) မှာ ပြီးဆုံးသွားခဲ့ပါတယ်။ ကျွန်တော့် အဖေရဲ့ ၀တ္ထုကို ဘယ်သူမှ စိတ်မ၀င်စားကြပါဘူး။
ဗိုလ်ချုပ်အောင်ဆန်းဟာ အသက်(၃၂) နှစ်မှာ လုပ်ကြံခံရလို့ ကွယ်လွန်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုဟာ စာမျက်နှာ (၃၂) မှာပြီးဆုံးခဲ့ပါတယ်။ သူ့ ရဲ့ ၀တ္ထုဟာ တကယ်တော့ ပါးပါးလေးပါပဲ။ ဒါပေမယ့် အလွန်လေးနက်ပါတယ်။ အလွန်အတုယူချင်စရာကောင်းလှပါတယ်။
ကျွန်တော်တို့ ကိုးကွယ်ယုံကြည်တဲ့ မြတ်ဗုဒ္ဒကတော့ သက်တော် (၈၀) မှာပရိနိဗာန် စံဝင်တော်မူခဲ့ပါတယ်။ အလွန်လေးစားကြည်ညိုစရာကောင်းတဲ့၊ ဘယ်တော့ ဖတ်ဖတ်၊ ဖတ်လို့ မ၀နိုင်တဲ့ အနှိုင်းမဲ့ ကိုယ်တိုင်ရေး ၀တ္ထုကြီးကို ထားရစ်ခဲ့ပါတယ်။
ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကို ဘယ်သူပဲဖတ်ဖတ် လွမ်းတသသ ဖြစ်နေရတဲ့ ၀တ္ထုစာအုပ်တစ်အုပ် ဖြစ်ခဲ့မယ်ဆိုရင်တော့ လူ့ ဘ၀ ပိုင်ဆိုင်ခွင့်ရတာတကယ့် လက်ဆောင်ပါပဲ။
ကိုယ်တိုင် မဖတ်ရဲတဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ဖြစ်နေမယ်ဆိုရင်တော့ လူ့ ဘ၀ ပိုင်ဆိုင်ခွင့်ရတာကို အလွဲသုံးစား လုပ်သွားသူတစ်ယောက်အဖြစ် သတ်မှတ်ခံရမှာပါ။
ဒီထက်အရေးကြီးတာကတော့.....
ကိုယ့်ရဲ့ ကိုယ်တိုင်ရေး ၀တ္ထုစာအုပ်ကို ကိုယ့်သား၊ သမီး၊ မြေး၊ မြစ်တွေက လက်ဆင့်ကမ်းပြီး ဖတ်နေကြဦးမယ်ဆိုတာပါပဲဗျာ..........။
ဦးဘုန်း (ဓာတု) မန္တလေး ရေးသားသော သုည အတွေးရသ စာစု မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။ လိုအပ်ချက်များရှိနေပါက ကျွန်တော်၏ ညံ့ဖျင်းမှုကြောင့်သာဖြစ်ပြီး ကောင်းမွန်ပါက မူရင်းရေးသားသူ ဆရာ ဦးဘုန်း (ဓာတု) မန္တလေး ၏ တတ်ကျွမ်းမှုများကြောင့်သာဖြစ်ပါသည်။ သူငယ်ချင်းများအားလုံး ဘ၀မှာ တန်ဖိုးရှိတဲ့ ကိုယ်တိုင်ရေး ၀တ္ထုကို ရေးသားနိုင်သူများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း..........။
ဆန္ဒများစွာဖြင့်
ကိုသန့်သူရဦး

0 ဦးမှတ်ချက်ရေးသွားတယ်။:

Post a Comment

သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။