တစ်ခါက ကျွန်တော့် အခြား ဘလောက်တစ်ခုမှာ ရေးခဲ့ဘူးပြီး အဲဒီပို့စ်ကြောင့် ပထမဆုံး ဘလောက် မှာ အဆဲ
ခံရဘူးတဲ့ ပို့စ်လေး တစ်ခုပါ။ ကျွန်တော်ဟာ ငယ်ငယ်တည်းက စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေ အရမ်းကို
များလွန်းခဲ့ပါတယ်။ လူ့ဘ၀ တိုတိုလေးအတွင်းမှာ အဲဒီလို ဟိုယောင်ယောင် ဒီယောင်ယောင်တွေ များခဲ့လို့
ထူးချွန်သင့် သလောက် မထူးချွန်ခဲ့ပါဘူး။ ပိုဆိုးတာက အလုပ်တစ်ခုကို မဖြစ်မနေ လုပ်ရမယ့် အချိန်မျိုးမှာ
အခြားတစ်ခုကို အသဲအသန် စိတ်ဝင်စားနေတတ်တာပဲ ဖြစ်ပါတယ်။ အင်ဂျင်နီယာ ပညာရပ်တွေ သင်နေရင်း
ကွန်ပြူတာဘက်ကို စိတ်အရမ်းပါသွားခဲ့ပြီး တစ်နေ့ကို နာရီအများကြီး ပေးခဲ့မိပါတယ်။ လေ့လာပြီး တစ်နှစ်မပြည့်မီ
ကွန်ပြူတာဂျာနယ်မှာ ဆောင်းပါးတစ်စောင် ရေးနိုင်ခဲ့ပေမယ့် အင်ဂျင်နီယာ ပညာရပ်ဘက်မှာ လစ်ဟင်းခဲ့ရပါတယ်။
နောက်ဆုံး Ciphercad2000 ဆိုတဲ့ cryptography software တစ်ခုရေးပြီး စာတမ်းတင်ကာ ဘီအီးဘွဲ့ကို ရယူဖြစ်ခဲ့
တဲ့ အထိ ရူးသွပ်ခဲ့ ပါတယ်။ ME ဆက်တက်တဲ့ ကာလ တစ်လျောက်လုံးမှာလဲ technical impact အရ အင်မတန်မှ
စိတ်ဝင်စားဖို့ ကောင်းတဲ့ အိုင်တီ
ပညာရပ်တွေနဲ့ ဆက်လက် လုံးပမ်းနေဖြစ်ခဲ့ပါတယ်။ အဲဒီ အချိန်အထိ ကျောင်းစာမှာ သာမာန်လောက် လုပ်ရုံနဲ့
လိုက်နိုင်နေတယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးခဲ့ မိတာကြောင့် နောက်ပိုင်းမှာ အခက်အခဲနဲ့ ကြုံခဲ့ရပါတယ်။ PhD
ဆက်တက်ဖြစ်တဲ့ အချိန်တွေမှာ မာစတာ တုန်းကနဲ့ အင်မတန် ကွဲပြားတဲ့ အခြေအနေမျိုးကို
ကြုံတွေ့ရပါတော့တယ်။ အရင် က အပေါ်ယံလေး သိရုံနဲ့ ဆရာတွေကို ရွှီးလို့ ရခဲ့ပေမယ့် အခုတော့
သေသေချာချာသိဖို့ လိုနေတဲ့ အပြင် သီအိုရီ တိုင်းအတွက် solution များ approach များကို ပေါင်းစပ်ထားတဲ့
program များ ရေးသားထားဖို့ လိုအပ်နေကြောင်း အလန့်တကြား သိလာခဲ့ ရပါတယ်။ (မှတ်ချက်။ တစ်ပိုင်းချင်းစီက
တော့ မာစတာတုန်းက ရေးခဲ့ ပြီးပါပြီ)။ အဲလို solution များကို ခုမှ ပြန်လည် ရေးသားနေရတဲ့ အတွက် PhD
ကျောင်းသားတစ်ဦး ရဲ့ အဓိက ဖြစ်တဲ့ original idea ကို စဉ်းစားဖို့ အချိန်များစွာကို ဖဲ့ပြီး ပေးရပါတော့တယ်။
တစ်ခါတစ်လေ ဘာမဟုတ်တဲ့ မသိနားမလည်မှုတစ်ခုဟာ
calculation တစ်ခု၊ စာတမ်းတစ်စောင်ကို သုံးလေး လ အထိ မပြီးနိုင်အောင် ဖြစ်စေခဲ့ပါတယ်။ လုပ်သင့်တာကို
အဓိက မလုပ်ပဲ ဦးစားပေး မှားခဲ့တဲ့ ရလာဒ် ဖြစ်ပါတယ်။ ရည်မှန်းချက်ကြီးတဲ့ လူငယ်များကို ကျွန်တော့်လို
ရေလိုက်မလွဲ ကြရလေအောင် အဆဲခံပြီး ဒီဆောင်းပါးကို ရေးလိုက်ရပါတယ် ခင်ဗျား။
ဖိုရမ်တစ်ခုကို ဖတ်ရင်း ဘာမှန်း၊ ညာမှန်း မသိဘဲ ဟက်ကာဖြစ်ချင်နေကြတဲ့ မြန်မာလူငယ်များကို သွားတွေ့ပါတယ်။
ဟက်ကာ တကယ်ဖြစ်ချင်ပါသလား။ ဒါဆိုရင် ကိုယ့်ကိုယ်ကို အရင်ဆုံးမေးကြစေချင်ပါတယ်။ ဟက်ကာကို ဘယ်လို
အဓိပါယ်ဖွင့်ဆိုကြမှာလဲ။ သူများတွေပြောတဲ့ ဟက်ကာမျိုးမဟုတ်ပဲ ကိုယ့်ဘာသာကိုယ် ဘယ်လို ဟက်ကာ
အမျိုးအစား ဖြစ်ချင်တယ် ဆိုတာကို သတ်မှတ်ကြစေ ချင်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော့်ကို
ဆရာကြီးလုပ်တယ်လို့ ထင်နိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော့် စေတနာက ရိုးစင်းပါတယ်။ အမှားတေ၊ွ လမ်းပိတ်တွေ နဲ့ ပြည့်နေတဲ့ လမ်းကို
အကြိမ်ကြိမ်လျောက်ခဲ့ ပြီးတဲ့ လူတစ်ယောက်အနေနဲ့ နောက်လူတွေကို ကျွန်တော့်လို မဖြစ်စေချင်လို့ပါပဲ။
ဘယ်အရာပဲ လုပ်လုပ် ရည်မှန်းချက် ရှိရှိ၊ စံနစ်တကျနဲ့ နည်းမှန်၊ လမ်းမှန် လုပ်စေ ချင်ပါတယ်။ ဘယ်ပညာရပ်မဆို
အချိန်ပေးရပါတယ်။ အနည်းဆုံး ဆယ်နှစ်လောက်ပေးတာတောင် ပညာရပ်တစ်ခုကို ပိုင်သွားပြီလို့ မပြောနိုင်ပါဘူး။
ဖြတ်လမ်းနည်းနဲ့ ရတဲ့ ပညာဆိုတာ ဘယ်တော့မှ မခိုင်မြဲပါဘူး။
ဟက်ကာ တစ်ယောက်တစ်ယောက် တစ်ကယ် ပီပီပြင်ပြင် ဖြစ်ချင်တယ်ဆိုရင် ကွန်ပြူတာ ပညာရပ်တွေကို
အခြေခံကနေ အကုန်စလေ့လာရပါမယ်။ ဟက်ကာ ဆိုတာ သာမာန် ယူဇာတစ်ယောက်မဟုတ်ဘဲ သူဖြစ်ချင်တာကို
သူကြုံတွေ့နေရတဲ့ အခြေအနေတွေ၊ သူ့မှာရှိတဲ့ ကန့်သတ်ချက်တွေကြားကနေ ရအောင် လုပ်နိုင်တဲ့ သူတွေပါ။
ဒီလိုမျိုး ဘယ်လို အခြေအနေမျိုးလာလာ ဖြေရှင်းပေးနိုင်တဲ့ အရည်အချင်းရဖို့ တစ်ပွဲတိုး နည်းလမ်းတွေကနေပြီး
လုပ်မပေးနိုင်တာ အသေအချာပါ။ ပရိုဂရမ်းမင်း နဲ့ စစ်စတမ်ရဲ့ အခြေခံ အလုပ်လုပ်ပုံလေးကိုတောင်မှ သေချာ
မသိသေးတဲ့ လူတစ်ယောက်အဖို့ဆိုရင် ပိုပြီး မဖြစ်နိုင်ပါဘူး။ ဥပမာပြောရရင် သာမာန်ယူဇာတစ်ယောက်က
စက်တစ်လုံးကို သုံးနိုင်တဲ့ အော်ပရေတာဆိုရင် ဟက်ကာ တစ်ယောက်က အဲဒီလိုစက်မျိုးအကြောင်းကို
ကောင်းကောင်းကြီး သိပြီး modify လုပ်နိုင် design အသစ် လုပ်နိုင်တဲ့ အင်ဂျင်နီယာ တစ်ယောက်နဲ့ တူပါတယ်။
တစ်ချို့ က ဆင်ခြေ ပေးကောင်းပေးပါလိမ့်မယ်။
ဒါတွေကို အပျော်လေ့လာတာပါဆိုပြီး။ အချိန်ကုန်တာခြင်း အတူတူ၊ ၀ါသနာ ပါတာခြင်း အတူတူဆိုရင်
တကယ်တတ်ပြီး အသက်မွေးဝမ်းကျောင်း ပညာဖြစ်အောင် သင်သင့်ပါတယ်။ သူများအထင်ကြီးရုံလေး လုပ်ပြီး
အချိန်တွေ ကုန်သွားရင် လက်တွေ့မှာ အသုံးမကျ ဖြစ်တတ်ပါတယ်။ ကျွန်တော့် ကိုယ်တွေ့ပါ။
တစ်ခုပြောပြချင်ပါတယ်။ ပြည်ပက ငယ်ငယ်နဲ့ ဟက်ကာလုပ်နေတဲ့ ကလေးတွေဟာ ကျန်တဲ့ အခြေခံတွေကို
သေသေချာချာ သိပြီး၊ လေ့လာထားပြီသားဆိုတာပါပဲ။ hackers ဆိုတဲ့ ကားကို ကြည့်ဖူးကြမယ်ဆိုရင်
ဇာတ်ဝင်ခန်းတစ်ခုကို ပြောပြချင်ပါတယ်။ အဲဒီမှာ မင်းသားကို ကျန်တဲ့ ဟက်ကာတွေက ပညာစမ်းသလိုမျိုး
ကွန်ပြူတာ စာအုပ်တွေထုတ်ပြပါတယ်။ သူက အဲဒါတွေကို အရည်ကျို သောက်ထားတဲ့ သူပါ။ ဒီလောက်ဆို
သဘောပေါက်လောက်မယ်လို့ထင်ပါတယ်။ နောက်တစ်ခုက အဲဒီကားထဲမှာ သူတို့ ဟက်လို့ ရလာတဲ့
ဖိုင်အပိုင်းအစလေးကို ဘာလဲဆိုတာ လေ့လာတာ ပါပါတယ်။ တကယ်တော့ အဲဒါ reverse engineering
လုပ်တာပါ။ ဒီလို ခက်ခဲ နက်နဲတဲ့ ပညာရပ်တွေကို ဘာမှ စံနစ်တကျ မသင်ထားပဲ မရဘူးဆိုတာ
ပေါ်လွင်စေချင်ပါတယ်ခင်ဗျာ။သူများလုပ်ထားတဲ့ tools လေးတွေသုံးပြီး သူများ အင်တာနက်မှာ
ကျူတိုရီယယ်လုပ်တာလေးတွေကို နဲနဲ သိရုံနဲ့ ဟက်ကာထင်ပြီး လမ်းဆုံးသွားမှာ စိုးလို့ ပြောပြမိတာပါ။ အဲဒီ trick
လေးတွေကို လေ့လာပါ။ ကောင်းပါတယ်။ လက်တွေ့မှာလဲ အသုံးကျပါတယ်။ ဒါပေမယ့် trick ကို trick လို့ မြင်ပါ။
ပညာကို ပညာလို့ ကွဲကွဲပြားပြား မြင်စေချင်ပါတယ်။ trick တွေက system တွေပြောင်းသွားရင် သုံးလို့
မရတော့ပါဘူး။ ပညာကတော့ system ပြောင်းလဲ သူက လိုက်ပြီး adapt ဖြစ်လာတဲ့
သဘောရှိပါတယ်ခင်ဗျာ။နောက်တစ်ခုက မိမိလေ့လာတဲ့ ပညာရပ်ကို မိမိနေတဲ့ အသိုင်းအ၀ိုင်း၊ အဖွဲ့ အစည်းမှာ
အကျိုးပြုဖို့ ဆိုတဲ့ စိတ်ထားနဲ့ လေ့လာစေချင်ပါတယ်။ မလေ့လာသင့်တဲ့ ပညာ မရှိပါဘူး။ အသုံးမချသင့်တဲ့
ပညာတော့ ရှိတယ်ဆိုတာ မမေ့စေချင်ပါဘူး။ အတွေးအခေါ်မှားမှာ ကိုလည်း စိုးရိမ်မိပါတယ်။ လက်နက်တစ်ခု၊
စွမ်းအင်တစ်ခုဟာ အင်အားကြီးမားလာတာနဲ့ အမျှ သူ့ကို ထိန်းချုပ်ဖို့ကလဲ ပိုမို အရေးကြီးလာပါတယ်။
အတတ်ပညာလေ့လာတဲ့ နေရာမှာ ဘာကြောင့် ဒီပညာကို လေ့လာတာလဲ၊ ဘယ်လို လေ့လာမလဲ၊ ဘယ်လို
အသုံးချမလဲ ဆိုတဲ့ အမြော်အမြင်နဲ့ ယှဉ်တဲ့ သုံးသပ်မှုမျိုး လုပ်သင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။
နောင်အားရင် တကယ့် ဟက်ကာတစ်ယောက်ဖြစ်ဖို့ လိုတဲ့ အခြေခံ ပညာရပ်တစ်ချို့ကို ပြောပြပါ့မယ်။
ဟက်ကာဖြစ်အောင်တော့ ဘယ်သူမှ မလုပ်ပေးနိုင်ကြောင်းပါခင်ဗျာ။
0 ဦးမှတ်ချက်ရေးသွားတယ်။:
Post a Comment
သင့်မှတ်ချက်တစ်ကြောင်းသည် ကျွန်ုပ်အတွက် အားဆေးတစ်ခွက်ဖြစ်သည်။